အခြေခံလျှပ်စစ်ကျွမ်းကျင်မှုရွေ့လျားသင်တန်းအမှတ်စဉ်(၅/၂၀၁၈) သင်တန်းဆင်းပွဲကျင်းပ

By: 

     စက်မှုဝန်ကြီးဌာနနှင့် ကရင်ပြည်နယ်အစိုးရတို့မှ ပူးပေါင်း၍ ကရင်ပြည်နယ်၊ ဘားအံမြို့၊ cyclone shelter ၌ အခြေခံလျှပ်စစ် ကျွမ်းကျင်မှုရွေ့လျားသင်တန်းအမှတ်စဉ် (၅/၂၀၁၈)ကို (၂၁.၁၂.၂၀၁၈) ရက်နေ့မှ (၁၈.၁.၂၀၁၉)ရက်နေ့ထိ ဖွင့်လှစ်ခဲ့ပါသည်။ ၁၈.၁.၂၀၁၉ရက်နေ့တွင် သင်တန်းဆင်းပွဲအခမ်းအနားကို ဇွဲကပင်​ခန်းမ ၌ ကျင်းပခဲ့ရာ ကရင်ပြည်နယ် လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးလှိုင်နှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးမိုးကျော်တို့မှ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပါသည်။
     သင်တန်းဆင်းပွဲ အခမ်းအနားသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးလှိုင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သင်တန်းဆရာ/ဆရာမများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
     သင်တန်းတွင် ကရင်ပြည်နယ်အတွင်းရှိ ခရိုင်(၄) ခရိုင်မှ သင်တန်းသား/သင်တန်းသူ (၇၁)ဦးတို့ တက်ရောက်ခဲ့ပြီး စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ သင်တန်းနည်းပြ (၃)ဦးနှင့် စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေးဦးစီးဌာန (လျှပ်စစ်စစ်ဆေးရေး)မှ သင်တန်းနည်းပြ (၅) ဦးတို့မှ စာတွေ့/လက်တွေ့ သင်ကြားပို့ချခဲ့ပါသည်။
     ပြင်ပသင်တန်းဆရာများအနေဖြင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ကရင်ပြည်နယ်မီးသတ်တပ်ဖွဲ့နှင့် ဘားအံနည်းပညာတက္ကသိုလ်တို့မှ သင်တန်းနည်းပြတို့မှလည်း လျှပ်စစ်နှင့်ပတ်သက်သော အသိပညာများကို ဆွေးနွေးသင်ကြားပို့ချပေးခဲ့ပြီး ကရင်ပြည်နယ် ကြက်ခြေနီတပ်ဖွဲ့မှဓါတ်လိုက်သူများအား ရှေးဦးသူနာပြုစုနည်းများကို လက်တွေ့ သရုပ်ပြပို့ချခဲ့ပါသည်။
     သင်တန်းဆင်းပွဲ အခမ်းအနား၌ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးလှိုင်မှ ပထမဆုရရှိသော စောကျော်အဲစူး (ကသ-၂၇)၊ စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးမိုးကျော်မှ ဒုတိယဆုရရှိသော မောင်ဝင်းထွန်းအောင် (ကသ-၁၁)နှင့် ပြည်နယ်ဦးစီးမှူး ဦးစိန်လွင်မှ တတိယဆု ရရှိသော မောင်ကျော်ကိုကိုထက် (ကသ-၂) တို့ အားဆုများ ချီးမြှင့်ခဲ့ကြပြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၊ လျှပ်စစ်စစ်ဆေးရေးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာမျိုးထိုက်မှသင်တန်းသား ကိုယ်စားလှယ် (၁)ဦးအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ပါသည်။
     အခြေခံလျှပ်စစ်ကျွမ်းကျင်မှုရွေ့လျားသင်တန်းသည် ကျေးလက်နေပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေး၊ လူနေမှုအဆင့်အတန်းမြင့်မားရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်လာစေရေး၊ တည်ဆောက်ပြီးသော ဓာတ်အားလိုင်းများအား ထိန်းသိမ်းဆောင်ရွက်နိုင်ရေးနှင့် လျှပ်စစ်အသုံးပြုသောလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးတို့ကို မျှော်မှန်းပြီး ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ရာ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတို့တွင်လည်း ဆက်လက်၍ ထပ်မံဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
 
  

Latest News