စက်မှုဝန်ကြီးဌာန ဝန်ထမ်းမိသားစု မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပပြုလုပ်

စက်မှုဝန်ကြီးဌာန၏ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီလ (၁၄)ရက်နေ့ နံနက် (ဝ၇:၄၅)နာရီအချိန်တွင် ရုံးအမှတ်(၃၇)၊ အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့်ဇနီးဒေါ်သစ်သစ်အောင်၊ အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ၎င်းတို့၏ ဇနီးများ နှင့် ဝန်ထမ်းများတက်ရောက် ကြည့်ရှုအားပေးခဲ့ကြပါသည်။

  

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တာဝန်ရှိသူများ၊ တက်ရောက်လာသူများနှင့် အကဲဖြတ်အဖွဲ့များက မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။ ထို့နောက်အကဲဖြတ်အဖွဲ့ဒိုင်များမှ ဌာနအလိုက် ပြိုင်ပွဲဝင်ထမနဲများ၏ အရောင်အဆင်း၊ အနံ့၊ အရသာ၊ လျင်မြန်မှု၊ သန့်ရှင်းသပ်ရပ်မှု၊ ပြိုင်ပွဲဝင်များ၏ ဝတ်စားဆင်ယင်မှု၊ ကျန်းမာရေးနှင့်ညီညွတ်မှု၊ အသုံးအဆောင်ပစ္စည်းများအသုံးပြုမှုနှင့် ခင်းကျင်းတင်ဆက်ပြသမှုတို့ကို စိစစ်အကဲဖြတ်ပြီးနောက် ဆုပေးပွဲအား ဆက်လက်ကျင်းပ ခဲ့ရာ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိကြသော ပြိုင်ပွဲဝင်အသင်းများအား ပြည်ထောင်စုဝန်ကြီး၏ဇနီးနှင့် တာဝန်ရှိသူများမှ အမှတ်တရဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။

  

ထို့နောက် မြန်မာ့ရိုးရာထမနဲပြိုင်ပွဲ ကျင်းပရေးကော်မတီမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များအား ပြိုင်ပွဲဝင်အသင်းများ၏ ဆုရရှိသော ထမနဲ များဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

  
မြန်မာ့ရိုးရာ ထမနဲထိုး ပြိုင်ပွဲကို ရိုးရာဓလေ့ကိုထိန်းသိမ်းရန်၊ ဝန်ထမ်းများအကြား အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုများ တိုးပွားစေရန်နှင့် အသင်းအဖွဲ့စိတ်ဓာတ်များ ခိုင်မာ အားကောင်းလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ရာ ပြိုင်ပွဲသို့ စက်မှုဝန်ကြီးဌာနမှ ဦးစီးဌာန(၂)ခုနှင့် လုပ်ငန်း (၄)ခု၊ စုစုပေါင်းပြိုင်ပွဲဝင်(၆)သင်းတို့မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲအခမ်းအနားကို နံနက် (ဝ၉:ဝ၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

  

  

  

Latest News