Burmese

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို သွေးကြောသွင်းဆေးရည် ထုတ်လုပ်ရေးအဆောက်အဦသစ် မင်္ဂလာပန္နက်တင်အခမ်းအနားသို့ တက်ရောက်

By: 

နေပြည်တော်၊ ဒီဇင်ဘာ (၁၉)

    စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၈)ရက်နေ့ နံနက်ပိုင်း၌ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ ဆေးဝါးစက်ရုံ (ကျောက်ဆည်)ဝင်းအတွင်းရှိ သွေးကြောသွင်းဆေးရည် ထုတ်လုပ်ရေးအဆောက် အဦသစ် ဆောက်လုပ်မည့် စီမံကိန်းရှင်းလင်းဆောင်သို့ ရောက်ရှိပြီး တာဝန်ရှိသူတို့က သွေးကြောသွင်းဆေးရည် ထုတ်လုပ်ရေးအဆာက်အဦဆောက်လုပ်မည့် အခြေအနေနှင့် စက်ပစ္စည်းများ တပ်ဆင်မည့်အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက WHO Standard ၊ GMP Guideline များနှင့်အညီ အဆောက်အဦနှင့် စက်ပစ္စည်းများကို တည်ဆောက်တပ်ဆင်ရမည်ဖြစ်ကြောင်း၊ ပြည်သူလူထုအား အဆင့်မီသော ကျန်းမာရေးစောင့်ရှောက်မှု ဖြည့်ဆည်းပေးနိုင်ရန်အတွက် တိုးချဲ့တည်ဆောက်ခြင်းဖြစ်၍ နိုင်ငံတကာစံချိန်စံညွှန်းမီ ဆေးရည်များ ထုတ်လုပ်ပေးနိုင်ရမည်ဖြစ်ကြောင်း လမ်းညွှန်မှာ ကြားခဲ့သည်။
    ထို့နောက် မင်္ဂလာအချိန်တွင် ပြည်ထောင်စုကြီး၊ မန္တလေးတိုင်းဒေသကြီး၊ လျှပ်စစ်၊ စွမ်းအင်နှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်နှင့် တာဝန်ရှိသူတို့သည် သတ်မှတ်ထားသည့်နေရာများ၌ သွေးကြောသွင်းဆေးရည် ထုတ်လုပ်ရေးအဆောက်အဦပန္နက်တိုင်အား စိုက်ထူပေး၍ ပန္နက်တိုင်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းကြပြီး ပန္နက်တင် အခမ်းအနား အောင်မြင်စွာပြီးမြောက်ခြင်း အထိမ်းအမှတ်အဖြစ် မင်္ဂလာရွှေမိုး၊ ငွေမိုး၊ ရတနာမိုးများ ရွာသွန်းဖြိုးခဲ့ပါသည်။

  

    အဆိုပါအခမ်းအနားသို့ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို ၊ မန္တလေးတိုင်းဒေသကြီး၊ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ စက်မှုဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
    သွေးကြောသွင်းဆေးရည် ထုတ်လုပ်ရေးအဆောက်အဦသစ် တိုးချဲ့တည်ဆောက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ရာတွင် အဓိကလိုအပ်ချက်ဖြစ်သော သွေးကြောသွင်းဆေးရည် (၅)သန်း ပိုမိုထုတ်လုပ်နိုင်မည်ဖြစ်ပါသည်။ စီမံကိန်းပြီးစီးပါက D 5% (DW) (Dextrose 5% Solution)၊ PS (Sodium Chloride 0.9% Solution)၊ DPS (Dextrose 5% & Sodium Chloride 0.9% Solution)၊ ½ DPS (½ Strength Dextrose & Physiological Solution)၊ RL (Ringer Lactate Solution) တို့ကို ထုတ်လုပ်သွားမည်ဖြစ်ပါသည်။

  

    နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့ဆေးဝါးလုပ်ငန်းကြီးကြပ်မှုအောက်ရှိ ဆေးဝါးစက်ရုံ(ကျောက်ဆည်)တွင် 500 ml Infusion Bottles တစ်နှစ်လျှင်(၅)သန်း ထုတ်လုပ်မည့် Large Volume Parenteral Solution Production New Plant အတွက် အဆောက်အဦသစ် တည်ဆောက်ခြင်းနှင့် စက်ပစ္စည်းလိုင်းသစ် တပ်ဆင်လည်ပတ် နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်ခွင့်ရရှိသည့် Kyaw Thar Engineering & Construction Group Co., Ltd. နှင့် ဂျာမနီနိုင်ငံမှ Rieckermann ကုမ္ပဏီတို့နှင့် မြန်မာ့ဆေးဝါးလုပ်ငန်းတို့ လက်မှတ်ရေးထိုးသည့် အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

Latest News