Burmese

မြွေဆိပ်ဖြေဆေးထုတ်လုပ်မှု နည်းပညာဖလှယ်ရေးဆွေးနွေး

နေပြည်တော် ဒီဇင်ဘာ ၂၉

    စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုအား ဆော်ဒီအာရေဗျဘုရင့်နိုင်ငံ သံအမတ်ကြီး မစ္စတာဆာဟဲလဲမူစတာဖာအာမက်မှ ယမန်နေ့ နံနက် ၈ နာရီခွဲတွင် လည်းကောင်း၊ ဘရာဇီးနိုင်ငံ သံအမတ်ကြီး မစ္စတာ အန်တိုနီယို ဟိုဆေးမာရီယာဒီဆိုဇာအီဆစ်လ်ဗာ မှ မွန်းလွဲ ၁၂ နာရီခွဲတွင် လည်းကောင်း ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမဆောင်၌ သီးခြားစီ လာရောက်တွေ့ဆုံသည်။
    ဆော်ဒီအာရေဗျဘုရင့်နိုင်ငံ သံအမတ်ကြီးနှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ဆော်ဒီအာရေဗျဘုရင့်နိုင်ငံ တို့အကြား နှစ်နိုင်ငံချစ်ကြည်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စက်မှုဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်နယ်ပယ်များ၊ ဆော်ဒီ အာရေဗျနိုင်ငံမှ ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများပြု လုပ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

    ဘရာဇီးနိုင်ငံ သံအမတ်ကြီးနှင့် တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ မြွေဆိပ်ဖြေဆေးထုတ်လုပ်မှု နည်းပညာများဖလှယ်ရေး၊ အရပ်ဘက်သုံး လေယာဉ်များအတွက် စက်အပိုပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေး၊ မော်တော်ယာဉ်နှင့် စက်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်မှုတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် ဇီဝလောင်စာအသုံးပြု၍ စွမ်းအင်ထုတ်လုပ်မှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)

Latest News