Burmese

စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သည့် ဆေးဝါးများကို " BPI " (Burma Pharmaceutical Industry) အမှတ်တံဆိပ် ဖြင့်သာ ထုတ်လုပ် လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးမှ အမျိုးသားလွှတ်တော်တွင် ဖြေကြား

    (၂၅.၅.၂၀၁၇)ရက်နေတွင်ပြု လုပ်သည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး စတုတ္ထနေ့တွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် အမှတ်(၃)မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်သန်းထွန်းမှ " မြန်မာနိုင်ငံဆေးဝါးထုတ်လုပ်ရေးစက်ရုံ MPF (ယခင် BPI)မှ ငှက်ဖျား ကာကွယ်ကုသရေးအတွက် အာတီမီးစီးယား(Artemisia)(ဝါ)ဒေါနရွှေဝါဆေးပင်များ စိုက်ပျိုး၍ ကုန်ချောဆေးဝါးအဖြစ် စီစဉ်ထုတ်လုပ်သွားရန် အစီအစဉ် ရှိ/မရှိ" မေးခွန်းများကို မေးမြန်းခဲ့ရာ "     မြန်မာနိုင်ငံဆေးဝါးထုတ်လုပ်ရေးစက်ရုံ MPF (ယခင် BPI)" ဟု သုံးနှုန်းခဲ့သဖြင့် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို က ခေတ်အဆက်ဆက်တွင် "BPI" ဟု အစပြုခဲ့ပါကြောင်း၊ "BPI" မှ တစ်ဆင့် MPF ကို ပြောင်းလဲခဲ့ပါကြောင်း၊ MPF မှ ယခု အစိုးရသစ်လက်ထက်တွင် "BPI" အနေဖြင့်သာ ဆေးဝါးများကို ဆက်လက်ထုတ်လုပ်လျက်ရှိပါကြောင်း ပြန်လည် ရှင်းလင်းခဲ့ပါသည်။
    "BPI" (Burma Pharmaceutical Industry) အမှတ်တံဆိပ်သည် ၁၉၅၇ ခုနှစ်တွင်စတင်ခဲ့ပြီး ၁၉၈၈ မတိုင်ခင်အထိ စက်မှုဝန်ကြီးဌာန(ယခင်အမှတ်(၁)စက်မှုဝန်ကြီးဌာန)သည် ဆေးဝါးများကို BPI (Burma Pharmaceutical Industry) အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ခဲ့ပါသည်။ ယင်းနောက်ပိုင်းတွင် MPF (Myanmar Pharmaceutical Factory) အမှတ်တံဆိပ်သို့ ပြောင်းလဲ၍ ဆေးဝါးစက်ရုံ(အင်းစိန်)၊ ဆေးဝါးစက်ရုံ(ကျောက်ဆည်)နှင့် ဆေးဝါးစက်ရုံ(ပြင်ဦးလွင်)တို့မှ ဆေးဝါးများကို ထုတ်လုပ်ဖြန့်ချိခဲ့ပါသည်။ စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သည့် ဆေးဝါးများကို "BPI" အမှတ်တံဆိပ်သို့ ပြန်လည်ပြောင်းလဲကာ ၂၀၁၁ ခုနှစ်မှ စ၍ ယနေ့အထိ ထုတ်လုပ်လျက်ရှိပါသည်။
    MPF အမှတ်တံဆိပ်သည် ၂၀၁၀ ခုနှစ်တွင် ကာကွယ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့သည့် ဆေးဝါးစက်ရုံ(ပြင်ဦးလွင်)မှ MPF အမှတ်တံဆိပ်ဖြင့် ယခုတိုင် ဆက်လက်ထုတ်လုပ်လျက်ရှိသည့် အမှတ်တံဆိပ်ဖြစ်ပါသည်။ ၄င်း ထုတ်လုပ်မှုများသည် "BPI" နှင့် လုံးဝ သက်ဆိုင်မှု မရှိပါ။ "BPI" အမှတ်တံဆိပ် ပါဆေးဝါးများသည်သာ စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သော ဆေးဝါးများ ဖြစ်ပါကြောင်း သိရှိရပါသည်။

Latest News