Burmese

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး BPI ဆေးဝါးအရောင်းဆိုင် (တောင်ဥက္ကလာပ) နှင့် အမှတ် (၂၄) အကြီးစားစက်ရုံ(ဒဂုံ)စစ်ဆေး

ရန်ကုန် ဇွန် ၃

    စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ယနေ့ နံနက်က ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပ မြို့နယ် သုမင်္ဂလာလမ်းနှင့် သစ္စာလမ်းထောင့်ရှိ BPI ဆေးဝါးအရောင်းဆိုင် (တောင်ဥက္ကလာပ) သို့ ရောက်ရှိပြီး ဆိုင်ပြင်ဆင်ထားရှိမှု၊ ပြည်သူများ အသုံးလိုသည့် ဆေးဝါးများ အမှန်တကယ် ဖြန့်ဖြူးရောင်းချပေးနိုင်ရန် စီစဉ်ထားရှိမှုနှင့် ပြည်သူလူထုအား ဆေးဝါးများရောင်းချနေမှုအား အားပေးကြည့်ရှုကာ ဝယ်ယူသူများအား BPI ဆေးဝါးများ အမှတ်တရ လက်ဆောင်ပေးအပ်သည်။

    BPI ဆေးဝါးများသည် GMP Guide Line နှင့်အညီ ထုတ်ကုန်နှစ်ဆ တိုးမြှင့်ထုတ်လုပ်ရေး ကြိုးပမ်းဆောင်ရွက်လျှက်ရှိပြီး အလားတူ BPI ဆေးဝါးအရောင်းဆိုင်များကို ယခုဆိုင်အပါဝင် ရန်ကုန်၊ နေပြည်တော်၊ မန္တလေးတို့တွင် စုစုပေါင်း ၉ ဆိုင် ဖွင့်လှစ်ထားကာ အခြားမြို့ကြီးများတွင် လည်း ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့ဖွင့်လှစ်၍ ပစ္စည်းမှန် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

    ယင်းနောက် စက်မှုနယ်မြေ (တောင်ဒဂုံ) ရှိ အမှတ် (၂၄) အကြီးစားစက်ရုံ (ဒဂုံ) ဆိုလာ အလုပ်ရုံသို့ ရောက်ရှိရာ စက်ရုံမှူးက စက်ရုံဆိုင်ရာ အချက်အလက်များနှင့် ထုတ်လုပ်မှုဆိုင်ရာများနှင့် အကျိုးတူ ဖက်စပ်ဆောင်ရွက်မည့် ဝမင်းကုမ္ပဏီမှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု ဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။

    ပြည်ထောင်စုဝန်ကြီးက LED နှင့် ဆိုလာများ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရာတွင် ပြည်သူများအသုံးတည့်ပြီး ဈေးနှုန်းလည်းသင့်တင့်ကာ Efficiency အမြင့်မားဆုံး ဖြစ်ရန်လိုပါကြောင်း၊ စက်မှုဝန်ကြီးဌာနပိုင် စက်ရုံ (၁၀) ရုံတွင်လည်း ဆိုလာနည်းပညာများဖြင့် လျှပ်စစ်ဓါတ်အားကို ထုတ်လုပ်ပေးနိုင်ရန် ဆောင်ရွက်လျှက်ရှိပြီး ဈေးနှုန်းသက်သာစွာဖြင့် ပိုလျံ စွမ်းအင်ကိုဒေသတွင်း ပြည်သူများအတွက် ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်း၊ လျှပ်စစ် Cable များထုတ်လုပ်နိုင်ရေး အတွက် မြေနေရာရရှိရေး လိုအပ်ချက်များနှင့် ထုတ်လုပ်မှုဆိုင်ရာများကို ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ပုဂ္ဂလိကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် PPP စနစ်ဖြင့် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
    ဆိုလာနှင့် LED များ ပြည်တွင်း၌ ထုတ်လုပ်လာနိုင်ပါက ပြည်တွင်းစက်မှု ထုတ်လုပ်ရေးကဏ္ဍ တိုးတက်မြင့်မားလာစေမည့် အပြင် ပြည်တွင်း သာမက ပြည်ပသို့ ထုတ်ကုန်ပစ္စည်းများ တင်ပို့နိုင်ခြင်းဖြင့် နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေများလည်း ပိုမိုရရှိစေမည်ဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)

Latest News