Burmese

စက်မှုဝန်ကြီးဌာနနှင့် ဆွီဒင်နိုင်ငံ ဓာတုပစ္စည်းအေဂျင်စီ (KEMI) တို့ပူးပေါင်း၍ Sound Chemicals’ Management သင်တန်းဖွင့်ပွဲကျင်းပ

By: 

နေပြည်တော်၊ ဇွန် (၅)
    စက်မှုဝန်ကြီးဌာနနှင့် ဆွီဒင်နိုင်ငံ ဓာတုပစ္စည်းအေဂျင်စီ (KEMI) တို့ပူးပေါင်း၍ Sound Chemicals’ Management သင်တန်းဖွင့်ပွဲကို ၂၀၁၇ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့တွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

    အခမ်းအနားတွင် စက်မှုဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုတင်မှ အဖွင့်အမှာစကားပြောကြားရာ ယခုသင်တန်းတွင် EU နှင့် ဆွီဒင်နိုင်ငံတို့တွင် လက်တွေ့ ကျင့်သုံးလျက်ရှိသော ကမ္ဘာလုံးဆိုင်ရာ ဓာတုပစ္စည်းစီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းနှင့် ကျင့်စဉ်ကောင်းများကို သင်ကြားပို့ချပေးမည်ဖြစ်၍ မိမိတို့နိုင်ငံ၏ ဓာတုပစ္စည်းစီမံခန့်ခွဲမှု ကဏ္ဍကို များစွာအထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ ဓာတုပစ္စည်းစီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ ၎င်းတို့ရင်ဆိုင်ခဲ့ရသော အခက်အခဲများ၊ အတွေ့အကြုံများနှင့် ဖြေရှင်းဆောင်ရွက်ရမည့် နည်းလမ်းများကိုလည်း မျှဝေပေးမည်ဖြစ်၍ ဓာတုပစ္စည်းစီမံခန့်ခွဲမှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ တက်ရောက်လာသော သင်တန်းသားများမှ သေချာစွာ လေ့လာမှတ်သားပြီး မိမိတို့၏ လက်တွေ့လုပ်ငန်းခွင်တွင် အကောင်းဆုံး ပြန်လည်အသုံးချသွားရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။

  

ဆက်လက်၍ ဆွီဒင်နိုင်ငံ Chemical Agency မှ အပြည်ပြည်ဆိုင်ရာအကြံပေး ဖြစ်သူ Ms. Jenny Ronngren နှင့် Mr. Ule Johansson တို့မှ CLMV နိုင်ငံများတွင် ဓာတုပစ္စည်းစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံတွင် ရှေ့ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်မည့် အစီအစဉ်များကို ရှင်းလင်း ပြောကြားခဲ့ပါသည်။
    အဆိုပါသင်တန်းကို (၅.၆.၂၀၁၇)ရက်နေ့မှ (၇.၆.၂၀၁၇)ရက်နေ့အထိ (၃)ရက်ကြာ ကျင်းပမည်ဖြစ်ပြီး သင်တန်းတွင် ဓာတုပစ္စည်းများကို အထိန်းအကွပ်မဲ့သုံးစွဲခြင်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် သက်ရှိတို့၏ ကျန်းမာရေးအား ဆိုးရွားစွာ ထိခိုက်နေမှုများ၊ ဓာတုပစ္စည်းများအသုံးပြုရာတွင် မတော်တဆမှုများ မဖြစ်ပွားစေရန် လိုက်နာဆောင်ရွက်မည့် နည်းလမ်းများနှင့် မတော်တဆမှုဖြစ်ပွားပါက အချိန်မီကာကွယ်တားဆီးရမည့် နည်းလမ်းများ၊ EU နှင့် ဆွီဒင်နိုင်ငံတို့တွင် လိုက်နာကျင့်သုံးလျက်ရှိသည့် ဓာတုပစ္စည်း စီမံခန့်ခွဲမှု လုပ်ထုံးနှင့်ကျင့်စဉ်များကို သင်ကြားပို့ချသွားမည့်အပြင် မြန်မာနိုင်ငံတွင် ဓာတုပစ္စည်း စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုလည်း အပြန်အလှန်ဆွေးနွေးကြမည်ဖြစ်ပါသည်။

   

    အဆိုပါသင်တန်းသို့ ဓာတုပစ္စည်းစီမံခန့်ခွဲမှု လုပ်ငန်းစဉ်နှင့် ဆက်စပ်သော ဝန်ကြီးဌာနများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံဓာတုစက်မှုလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံရွှေသတ္တုတူးဖော်ထုတ်လုပ်သူများအသင်းတို့မှ စုစုပေါင်း သင်တန်းသား (၈၅)ဦး တက်ရောက်လေ့လာသင်ကြားမည်ဖြစ်ပြီး သင်တန်းဖွင့်ပွဲသို့ သင်တန်းသားများ နှင့် စက်မှုဝန်ကြီးဌာနမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Latest News