Burmese

စက်မှုဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုအား မြန်မာနိုင်ငံဆိုင်ရာအီတလီသံအမတ်ကြီးနှင့်Danieli Co,Ltd မှ ဒုတိယဥက္ကဌတို့လာရောက်တွေ့ဆုံ

နေပြည်တော် ဇွန်-၂၁
    စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံ သံအမတ်ကြီးဖြစ်သူ H. E. Mr. Pier Giorgio ALIBERTI ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက်(ဝ၉:၃၀)နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
    ထိုသို့တွေ့ဆုံစဉ် စက်မှုကဏ္ဍဖွံ့ဖြိုးရေးနှင့် အခြေခံအဆောက်အဦများ ဖွံ့ဖြိုးရေးအတွက် အဓိကလိုအပ်လျက်ရှိသော စက်မှုလုပ်ငန်းများကို ဦးစားပေးထူထောင်ရန်၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် Danieli Master on Steelmaking ကာလတို/ ကာလရှည် သင်တန်းများကို ပညာရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနတို့နှင့် ပူးပေါင်းအကောင်အထည်ဖော်ရေး၊ ကမ္ဘာ့ Steel ထုတ်လုပ်မှုနှင့် ဈေးကွက်အခြေအနေ၊ အမှတ်(၁)သံမဏိ စက်ရုံ(မြင်းခြံ)နှင့် အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)တို့၏ လက်ရှိအခြေအနေနှင့် အနာဂတ် စီးပွားရေးတွက်ချေကိုက်မှုနှင့် Steel ဈေးကွက်တိုးတက်လာမည့် အလားအလာများကို ပြည်တွင်း/ ပြည်ပ ကျွမ်းကျင်သူပညာရှင်များပါဝင်သည့် Third Party ဖြင့် လေ့လာသုံးသပ် အကဲဖြတ်နိုင်ရေး၊ စက်မှုထုတ်ကုန် အရည်အသွေးနှင့် စံချိန်စံညွှန်း သတ်မှတ်ရေး ကိစ္စရပ်များ၊ စက်မှုကုန်ကြမ်းသွင်းကုန်များအပေါ်တွင် စံနှုန်းများ သတ်မှတ်၍ ကြပ်မတ်ဆောင်ရွက်နိုင်ရေး၊ ပြည်တွင်းစက်မှုလုပ်ငန်းများ ရှင်သန်ရေးအတွက် အထောက်အပံ့ပေးရမည့် ကိစ္စရပ်များနှင့် သွင်းကုန်ဆိုင်ရာ မူဝါဒအချို့အား ပြန်လည် သုံးသပ်ရန်ကိစ္စရပ်များ၊ စက်မှုကဏ္ဍဖွံ့ဖြိုးရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များနှင့် လိုအပ်လျက်ရှိသော စွမ်းအင်ဖူလုံရေးအတွက် ပူးပေါင်းဆောင်ရွက်သင့် သည့်နည်းလမ်းများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
    အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ အီတလီသံအမတ်ကြီးနှင့်အတူ Danieli Co., Ltd. မှ Vice President နှင့်တာဝန်ရှိသူများ၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိသည်။

Latest News