စက်မှုဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို ၊ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ စက်ရုံများနှင့် စက်မှုသင်တန်းကျောင်းတို့အား ကြည့်ရှုစစ်ဆေး

နေပြည်တော် ၊ မတ် ( ၃ )
      စက်မှုဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် မတ်လ (၂) ရက်နေ့ ၊ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ၊ ပန်းတောင်းမြို့နယ်ရှိ အမှတ် ( ၁၆ ) အကြီးစားစက်ရုံသို့ ရောက်ရှိပြီး သွန်းလောင်းပုံစံပြု အလုပ်ရုံတွင် ရွှေပြားကြိတ်စက် စမ်းသပ်တီထွင်မှုလုပ်ငန်းခွင်အတွင်း ကြည့်ရှု့စစ်ဆေးပြီး ရွှေပြားကြိတ်စက် တီထွင်ထုတ်လုပ်နိုင်ရန် သွန်းလောင်းထည်များအတွက် Pattern များကို စနစ်တကျ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ လုပ်ငန်းဆောင်ရွက်ရာတွင် Time Line ရေးဆွဲ၍ Schedule အတိုင်း အံဝင်အောင် ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ် ညှိနှိုင်းပေးခဲ့သည်။ ဆက်လက်၍ မော်တော်ယာဉ်အစိတ်အပိုင်းများ ထုတ်လုပ်သည့်အလုပ်ရုံအတွင်း ရှိ Plastic Injection Moulding Machine များအား ကြည့်ရှု့စစ်ဆေးပြီး စက်ရုံကို ပြန်လည်သုံးသပ်နေစဉ်ကာလအတွင်း စက်များအား အမြဲတမ်းကောင်းမွန်နေအောင် ထိန်းသိမ်း ပြုပြင်ထား ရမည် ဖြစ်ကြောင်း ၊ မီးဘေးအန္တရာယ် မဖြစ်စေရေးအတွက် စီမံချက်များ ရေးဆွဲပြီး ဇာတ်တိုက် လေ့ကျင့်ဆောင်ရွက်ထားကြရန် နှင့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များကို စည်းစည်းလုံးလုံးဖြင့် စေတနာထား၍ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် အားပေးစကား ပြောကြားခဲ့သည် ။
      နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပန်းတောင်းမြို့နယ် ၊ ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ် နှင့်အတူ စက်မှုဝန်ကြီးဌာနမှ အငြိမ်းစားဝန်ထမ်းများ အ‌ခြေတကျ နေထိုင်နိုင်ရန် နေရာချထားပေးထားသည့် ကမ်းပြိုစုပေါင်းတိုးချဲ့ရပ်ကွက်သို့ရောက်ရှိပြီး အိမ်ရာအကွက်များ ဖော်ဆောင်ထားရှိမှု အ‌ခြေအနေကို ကြည့်ရှုစစ်ဆေးပြီး နေထိုင်မည့် အငြိမ်းစားဝန်ထမ်းများနှင့်တွေ့ဆုံ၍ အငြိမ်းစားဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ညှိနှိုင်း ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည် ။
       ထို့နောက် အမှတ် ( ၁ ) စက်မှုသင်တန်းကျောင်း (ဆင်တဲ) သို့ရောက်ရှိပြီး Information Technology Room , CNC Shop , Car Marchatronic Shop တို့ရှိ သင်ထောက်ကူ စက်ပစ္စည်းကိရိယာများအား ကြည့်ရှု့စစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက သင်ရိုး ညွှန်းတမ်းများကို Update ပြုလုပ်ရန် ၊ သင်တန်းသားများအား Work Process Chart ရေးဆွဲတတ်သည်အထိ သင်ကြားလေ့ကျင့်ပေးရန် ၊လုပ်ငန်းတာဝန်များကို Standard Operation Procedure အတိုင်း ဆောင်ရွက်ရန် ၊ စက်မှုသင်တန်းကျောင်းရှိ စက်များ၏ စွမ်းဆောင်ရည်များကို စွမ်းအားပြည့် ထိရောက်စွာအသုံးပြုရန် သင်တန်းသားများကို လက်တွေ့နယ်ပယ်တွင် တိုက်ရိုက်အသုံးချနိုင်သည့် ဘာသာရပ်များကို သင်ကြားပေးရန် ၊ သင်တန်းနည်းပြများ၏ အရည်အသွေးကိုလည်း အချိန်နှင့် တပြေးညီ မြှင့်တင်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြား၍ သင်တန်းသား/သူ အဆောင်များနှင့် စုပေါင်းစားရိပ်သာ တို့အား ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းပေးခဲ့သည်။
  
     ညနေပိုင်းတွင် ညောင်ခြေထောက်ရှိ အမှတ် ( ၂၃ ) အကြီးစားစက်ရုံ သို့ရောက်ရှိပြီး Machine Tools Shop , Heat Treatment Shop တို့တွင် စက်အရန်ပစ္စည်းများ စက်ခုတ်စားဆောင်ရွက်နေမှုနှင့် အနံကြီးစက်ရက်ကန်း ၏ အစိတ်အပိုင်းများ စက်ခုတ်စားနေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အစိုးရ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ချိန်တွင် စက်များအား အကောင်းဆုံးအနေအထားဖြင့် အသင့်အသုံးပြုနိုင်အောင် ထိန်းသိမ်းထားရန် ၊ စက်ရုံဝင်ငွေရရှိရေးအတွက် ပြင်ပ ပုဂ္ဂလိက လုပ်ငန်းများမှ လုပ်ငန်းအပ်နှံသည်များကို လက်ခံဆောင်ရွက်ရန် ၊ စက်ရုံတွင်ရရှိပြီး အဆင့်မြင့်ပညာရပ်များ ပျောက်ပျက်မသွားစေရေးအတွက် ဆင့်ပွားသင်ကြားပေးရန် ၊ ဈေးကွက်ကို အခြေခံပြီး ဈေးကွက် ဝင်ပစ္စည်းများကိုသာထုတ်လုပ်ရန် ၊ ဆန်းသစ်တီထွင်မှုများကို အမြဲတမ်း အလေးထားဆောင်ရွက်ရင်း အမယ်သစ်များကိုလည်း ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ရန် ၊ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် Design ကို အ‌ခြေခံမှသာ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရာတွင် အောင်မြင်မည် ဖြစ်ကြောင်းနှင့် မလိုအပ်သည့် အသုံးစရိတ်များကို ခြိုးခြံချွေတာ၍ အဂတိကင်းရှင်းစွာဖြင့် ဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည် ။

Latest News