စက်မှုဝန်ကြီးဌာနမှ အဆင့်မြှင့်ဈေးကား(Mobile Mart)များကို ကိုယ်တိုင်ဒီဇိုင်းထုတ်ပြီး ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်ကာ စက်မှုထုတ်ကုန်ပစ္စည်းများကို စားသုံးသူလက်ဝယ်အရောက် ဖြန့်ဖြူးပေးလျက်ရှိ

နေပြည်တော်၊ ဧပြီ (၆)
     စက်မှုဝန်ကြီးဌာနသည် အစိုးရသစ်၏(၂)နှစ်တာကာလအတွင်း စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက် လျက်ရှိရာတွင် ထုတ်ကုန်ပစ္စည်းအရည်အသွေးများ ပိုမိုကောင်မွန်စေရေး၊ ဈေးကွက်ဝင်ပစ္စည်းများ တိုးချဲ့ထုတ်လုပ်ရေး၊ သုတေသနနှင့်ဆန်းသစ် တီထွင်မှုများပြုလုပ်ပြီး ထုတ်ကုန်အမယ်သစ်အမျိုးမျိုးကို တီထွင်ထုတ်လုပ်လျက်ရှိပါသည်။
     ထိုသို့တီထွင်ဆန်းသစ်မှုအမျိုးမျိုးအနက်မှ အဆင့်မြှင့်ဈေးကား (Mobile Mart)သည်လည်း တစ်ခုအပါဝင်ဖြစ်ပါသည်။ စက်မှုဝန်ကြီးဌာနမှထုတ်လုပ်သော ထုတ်ကုန်ပစ္စည်းများကို ဈေးနှုန်း သင့်တင့်စွာဖြင့် စားသုံးသူလက်ဝယ်အရောက် ဖြန့်ဖြူးပေးနိုင်ရေးအတွက် အဆင့်မြှင့်ဈေးကား (Mobile Mart) များကို ကိုယ်တိုင်ဒီဇိုင်းထုတ် ပြီးပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်လျက်ရှိပါသည်။
       အဆင့်မြှင့်ဈေးကား(Mobile Mart) ဖြင့် ဆေးဝါးအမျိုးမျိုး၊ အဝတ်အထည်နှင့်အိပ်ယာခင်း အမျိုးမျိုး၊ အိမ်းသုံးစတီးလ်ပစ္စည်းအမျိုးမျိုး ၊ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများဖြစ်သော ဘိလပ်မြေ ၊ကြွေပြားနှင့်မှန်အမျိုးမျိုးမှ Solar နှင့် LED ပစ္စည်းများအထိ စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သော လူသုံးကုန်းပစ္စည်းအမျိုးမျိုးကို လူစည်ကားရာ ဈေးများ၊ ရုံးဌာနများ၊ ပွဲတော်များသို့ လှည့်လည် ရောင်းချဖြန့်ဖြူးပေးသွားမည်ဖြစ်ပါသည်။
        လက်လီလက်ကား ရောင်းချဖြန့်ဖြူးသူများနှင့် ပုဂ္ဂလိက လုပ်ငန်းရှင် များမှ မိမိထုတ်ကုန်ပစ္စည်းများအား ကိုယ်တိုင်ဖြန့်ဖြူးလိုသူများမှ အဆင့်မြှင့်ဈေးကား (Mobile Mart)များ ထုတ်လုပ်ပေးရန် မှာယူလာပါကလည်း သုံးစွဲသူအကြိုက် လိုအပ်ချက်များအတိုင်း ထုတ်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။
  

Latest News