စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို တို့သည် အမှတ်(၁၅)အကြီးစားစက်ရုံ(သာဂရ)တွင် Silo ထုတ်လုပ်ထားမှု အခြေအနေအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဧပြီ (၁၂)
      စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့် ရေတာရှည်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မိုးနိုင်တို့သည် (၁၂.၄.၂၀၁၈) ရက်နေ့ နေ့လယ်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သာဂရစက်မှုနယ်မြေရှိ အမှတ်(၁၅)အကြီးစားစက်ရုံသို့ရောက်ရှိပြီး သီးနှံ(စပါး) သိုလှောင်နိုင်မည့် တန်(၅၀ဝ)ဆံ့ Silo အစိတ်အပိုင်းများ ထုတ်လုပ်ပြီးစီးနေမှုအခြေအနေနှင့် ရခိုင်ပြည်နယ်သို့ ပို့ဆောင်ရန် စီစဉ် ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

     ထိုသို့လှည့်လည်ကြည့်ရှုစစ်ဆေးစဉ် အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ ဦးဆောင် ညွှန်ကြားရေးမှူးနှင့် ထိုင်းနိုင်ငံမှ ကျွမ်းကျင်ပညာရှင်တို့က Silo အစိတ်အပိုင်းများ ထုတ်လုပ်ပုံအဆင့်ဆင့်၊ ရခိုင်ပြည်နယ်သို့ ပို့ဆောင်တပ်ဆင်မည့်အစီအစဉ်များ၊ Silo ကိုင်တွယ်မောင်းနှင်အသုံးပြုရန် ဒေသခံများအား လေ့ကျင့်သင်ကြားပေးမည့် အစီအစဉ် များကို ရှင်းလင်းတင်ပြပြီးနောက် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုမှ လိုအပ်ချက် အလိုက် Silo အမျိုးမျိုး ထုတ်လုပ်ပေးနိုင်မှုအခြေအနေတို့ကို ဖြည့်စွက်ပြောကြားခဲ့သည်။ ထို့နောက် စက်မှုဝန်ကြီးဌာနမှတာဝန်ရှိသူများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနမှ တာဝန်ရှိသူတို့သည် နိုင်ငံတစ်ဝှမ်းလို အပ်ချက်ရှိသောနေရာများသို့ Silo များ ဆက်လက်ထုတ်လုပ်တပ်ဆင်ပေးနိုင်ရေး၊ တောင်သူလယ်သမား အသင်းအဖွဲ့/ အစုအဖွဲ့များအတွက် တန်(၅၀)နှင့် တန်(၁၀ဝ)ဆန့် တန်ဖိုးသင့် Silo ငယ်များ ထုတ်လုပ် ပေးနိုင်ရေး၊ လယ်ယာသုံးယာဉ် ယန္တရားနှင့် စက်ပစ္စည်းကိရိယာ အစိတ်အပိုင်းများ ထုတ်လုပ်ပေးနိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်သွားမည့် အစီအမံ တို့ကို အသေးစိတ်ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

      အမှတ်(၁၅)အကြီးစားစက်ရုံမှ ထုတ်လုပ်လျက်ရှိသော တန်(၅၀ဝ)ဆန့် သီးနှံ(စပါး) များ သိုလှောင်နိုင်မည့် Silo အား ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ခွင့်ပြုထားသော မောင်တော ဒေသ၊ လေးမိုင်ရပ်ကွက်တွင် မကြာမီတပ်ဆင်သွားမည်ဖြစ်သည်။ Silo တည်ဆောက် တပ်ဆင်ပြီးစီးပါက ဒေသခံများအား Silo အသုံးပြုပုံနှင့် ကိုင်တွယ်ထိန်းသိမ်းနည်း သင်တန်းများကိုပါ တစ်ဆက်တည်း လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

Latest News