အလိုအလျောက် ပြင်ပနှလုံးနိုးဆွစက် အသုံးပြု၍ အသက်ကယ်နည်း သရုပ်ပြလေ့ကျင့်

     အလိုအလျောက် ပြင်ပနှလုံးနိုးဆွစက် (Automatic External Defibrillator -AED) အသုံးပြု၍ Heart Attack လူနာများအား အရေးအပေါ်ကုသခြင်းနည်းလမ်း ရှင်းလင်းသရုပ်ပြပွဲကို ဇွန်လ (၂၀)ရက်နေ့ နေ့လည်(၁)နာရီတွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
 
      အဆိုပါ AED စက်ဖြင့် ကုသခြင်းနည်းလမ်းများအား နေပြည်တော် ကုတင်(၁၀ဝ၀) ဆေးရုံကြီး၊ အရေးပေါ်ကုသရေးနှင့် ဆေးပညာဌာနမှ ဆရာဝန်များနှင့် သူနာပြုများက ရှင်းလင်းပြသရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို တက်ရောက်အားပေးပြီး စက်မှုဝန်ကြီးဌာနရုံးချုပ်တွင် တွဲဖက်ထားသော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဆရာဝန်၊ သူနာပြုများနှင့် ဝန်ထမ်းများ တက်ရောက်လေ့လာခဲ့ကြကာ စက်အသုံးပြုလက်တွေ့ကုသမှုကို ဆရာဝန်၊ သူနာပြုများ နှင့်အတူ ပါဝင်လေ့ကျင့်ခဲ့ကြသည်။
   အလိုအလျောက် ပြင်ပနှလုံးနိုးဆွစက် (AED) သည် ရုတ်တရက်နှလုံးရပ်တန့်သွားသော လူနာအား နှလုံးပြန်လည်ခုန်စေရန် အလိုအလျောက် စမ်းသပ်ခြင်း၊ လိုအပ်သော လမ်းညွှန်ချက်များကို ရုပ်ပုံနှင့်လည်းကောင်း၊ အသံဖြင့်လည်းကောင်း ညွှန်ပြပေး၍ လိုအပ်လျှင် အလိုအလျောက် လျှပ်စစ်ဓါတ်ရိုက်ပေးသော စက်ဖြစ်သည်။ AED စက်သည် ကျန်းမာရေးဗဟုသုတနည်းသူများပင်လျှင် စက်တွင်ပါရှိသည့် လမ်းညွှန်ရုပ်ပုံ နှင့်အသံကို ကြည့်ရှုနားထောင်၍ လူနာအား အသက်ကယ်တင်နိုင်မည်ဖြစ်သည်။
     အဆိုပါစက်အား စက်မှုဝန်ကြီးဌာနရှိ ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်အတွက် DTC Trading Co., Ltd မှ လှူဒါန်းခဲ့ခြင်းဖြစ်ပြီး တန်ဖိုးငွေကျပ် (၂၆)သိန်းခန့်ရှိကြောင်းနှင့် အရေးပေါ်ကူသမှု ပေးရန်လိုအပ်လျှင် စက်မှုဝန်ကြီးဌာနရုံးချုပ်မှ ဝန်ထမ်းများ အလွယ်တကူမြင်တွေ့ အသုံးပြုနိုင်ရန် AED Wall Cabinet အား ရုံးအဝင်အတက်အဆင်း လှေကားနံရံတွင် တပ်ဆင်ပေးထားကြောင်းသိရသည်။

Latest News