ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို ဆေးဝါးစက်ရုံခွဲ(ရွာသာကြီး) အသည်းရောင်အသားဝါ(ဘီ)ပိုး ကာကွယ်ဆေးစက်ရုံ စစ်ဆေး

ရန်ကုန်၊ စက်တင်ဘာ ၁၆
    စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ယနေ့နံနက်ပိုင်းတွင် မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံခွဲ (ရွာသာကြီး) အသည်းရောင်အသားဝါ(ဘီ)ပိုး ကာကွယ်ဆေးစက်ရုံသို့ ရောက်ရှိရာ ရှင်းလင်းဆောင်၌ စက်ရုံမှူးနှင့် တာဝန်ရှိသူများက အသည်းရောင်အသားဝါ(ဘီ)ပိုး ကာကွယ်ဆေး ထုတ်လုပ်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
    ပြည်ထောင်စုဝန်ကြီးက ဆေးဝါးထုတ်လုပ်မှုအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) GMP Guide Line နှင့်အညီ တစ်သဝေမတိမ်း တိကျစွာလိုက်နာဆောင်ရွက်ရေး၊ အသည်းရောင်အသားဝါ(ဘီ)ပိုး ကာကွယ်ဆေးထိုးနှံခြင်းကို နယ်လှည့်ကာကွယ်ဆေးထိုးရေးယာဉ်များဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဝန်ဆောင်မှုပေး လိုက်လံထိုးနှံနိုင်ရေး၊ ဆေးအာနိသင် တုံ့ပြန်မှုရရှိရေးအတွက် ကာကွယ်ဆေးပြန်လည်ထိုးနှံရမည့်အချိန်ကို ကွန်ပျူတာထိန်းချုပ်စနစ်ကို စနစ်တကျအသုံးပြု၍ ပြည်သူများသို့ အသိပေးနိုင်ရန်နှင့် ခွေးရူးပြန်ရောဂါကာကွယ်ဆေး၊ မေးခိုင်ရောဂါကာကွယ်ဆေးစသော ကာကွယ်ဆေးများ တိုးချဲ့ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ရေးမှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အသည်းရောင်အသားဝါ(ဘီ)ကာကွယ်ဆေးထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ဆေးဝါးစက်ရုံခွဲ(ရွာသာကြီး)မှ အသည်းရောင်အသားဝါ(ဘီ)ကာကွယ်ဆေးအား နှစ်စဉ်လျာထားချက်ထက် ပိုမိုထုတ်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိပြီး Mobile Team အဖွဲ့ဖြင့် မြို့ရွာများရှိ ဌာနဆိုင်ရာများ၊ စက်ရုံအလုပ်ရုံများ၊ အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကအသင်းအဖွဲ့အစည်းများသို့ လိုက်လံပြီး ဝန်ဆောင်မှုပေး၍ ကာကွယ်ဆေးထိုးနှံပေးနေကြောင်း သိရသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဖော့ကန်ရှိ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်းမှ JMA ကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းလျက်ရှိသော လျှပ်စစ်စက်ဘီးတပ်ဆင်ထုတ်လုပ်သည့် အလုပ်ရုံသို့ ရောက်ရှိပြီး စက်ပစ္စည်းများ အမြန်မှာယူတပ်ဆင်နိုင်ရေး၊ အဖိုးနှုန်းချိုသာစွာဖြင့် အများပြည်သူများ အသုံးပြုနိုင်ရေး၊ ရေရှည်ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးတို့ကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Latest News