ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို Projects Closing Ceremony သို့ တက်ရောက်ပြီး အဖွင့်အမှာစကားပြော

နေပြည်တော်၊ စက်တင်ဘာ ၁၉
     စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ယနေ့ နံနက်ပိုင်း၌ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၇)တွင် UNIDO နှင့်ပူးပေါင်းဆောင်ရွက်ခဲ့သည့် စီမံကိန်းများပြီးစီးခြင်း အခမ်းအနား Projects Closing Ceremony သို့ တက်ရောက်ခဲ့သည်။ စီမံကိန်းများပြီးစီးခြင်း အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေး မှူးများ၊ မြန်မာနိုင်ငံ UNIDO ရုံးမှ Project Manager ဖြစ်သူ Mr. Toshiyuki Miyake နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ သံနှင့်သံမဏိလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
     အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးမှ UNIDO နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် “သံနှင့် သံမဏိထုတ်ကုန်အရည်အသွေး စံနှုန်းသတ်မှတ်ရေး အသိပညာမျှဝေပေးခြင်း” စီမံကိန်း နှင့် “စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများကို အသုံးပြု၍ ချည်မျှင်ထုတ်လုပ်မှုကွင်းစက် ဖန်တီးရေး” စီမံကိန်းများ အောင်မြင်စွာပြီးမြောက်ရေး ပါဝင်ဆောင်ရွက်ပေးခဲ့ကြသည့် စက်မှုဝန်ကြီးဌာနအပြင် ဆက်စပ်ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် UNIDO ရုံးမှ တာဝန် ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်း၊ ယခုပြုလုပ်ခဲ့သည့် Project များသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည့် Project များဖြစ်ပါကြောင်း၊ ယခု ဆောင်ရွက်ခဲ့သည့် စီမံကိန်းရလဒ်များကို အခြေခံပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များတွင်လည်း UNIDO မှ ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ပါကြောင်း၊ Steel Knowledge Sharing in Myanmar for Sustainable Relationships and Standards Project ဆောင်ရွက်ခဲ့ခြင်းကြောင့် မိမိတို့နိုင်ငံအတွက် သံနှင့်သံမဏိထုတ်ကုန်များ အရည်အသွေးနှင့် စံနှုန်းသတ်မှတ်ခြင်း၊ စစ်ဆေးခြင်းနှင့် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးမည့် သံနှင့် သံမဏိဆိုင်ရာ Accreditation Body တစ်ခုဖွဲ့စည်းဆောင်ရွက်ရာတွင် များစွာအထောက် အကူဖြစ်စေပါကြောင်း၊ သံမဏိထုတ်ကုန်များ အရည်အသွေးနှင့် စံချိန်စံညွှန်းများကို စစ်ဆေးမည့်နည်းပညာမြင့် စက်ပစ္စည်း ကိရိယာများပါဝင်သော ဓါတ်ခွဲခန်းလိုအပ်သဖြင့် UNIDO မှ နည်းပညာ ဆက်လက်ကူညီပံ့ပိုးပေးစေလိုပါကြောင်း၊ ခေတ်မီဓါတ်ခွဲခန်းရှိမှသာ သံနှင့်သံမဏိတို့၏ စံနှုန်းနှင့် အရည်သွေးကို ထိန်းသိမ်းနိုင်မည်ဖြစ်ပါကြောင်း၊ ရှေ့ဆက်၍လည်း စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာဆိုင်ရာ အထောက်အပံ့များ ပံ့ပိုးပေးစေလိုပါကြောင်း၊ အလားတူပင် Green Textile Supply-Chain Derived from Agro-Residues Project သည်လည်း မိမိတို့နိုင်ငံနှင့် ကိုက်ညီဆီလျော်မည့် စိုက်ပျိုးရေးလုပ်ငန်းမှ စွန့်ပစ်အကြွင်းအကျန်များကို အသုံးချပြီး ကုန်ချောထုတ်လုပ်နိုင်မည့် နည်းပညာများရရှိစေခဲ့ပါကြောင်း၊ နာနတ်လျှော်ထုတ်လုပ်မှုနည်းပညာအပြင် အခြားအစိမ်းရောင် နည်းပညာများ ဖွံ့ဖြိုးလာစေရေး UNIDO နှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားလိုပါကြောင်း ပြောကြားခဲ့ပါသည်။
     ထို့နောက် UNIDO ၏ Project Manager ဖြစ်သူ Mr. Toshiyuki Miyake မှ Project ရလဒ်များ၊ အကျိုးကျေးဇူးများနှင့် ရှေ့ဆက် ပူးပေါင်းဆောင်ရွက်သွားလိုသည့် အဆိုပြုချက် (Proposal) များကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန်နှင့် အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးတို့မှ စီမံကိန်းဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများနှင့် မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် UNIDO နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားလိုသည့် ကဏ္ဍများကို အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

  

Latest News