Burmese

ဆေးဝါးအတု ထုတ်လုပ်ခြင်းသည် ကျန်းမာရေးနှင့် လူမှုရေး မည်သည့် ရှုထောင့် မှ ကြည့်ကြည့် သားစဉ်မြေးဆက်ဒုက္ခရောက်နိုင်သည့် လုပ်ငန်းဖြစ်

နေပြည်တော် စက်တင်ဘာ ၂၇

ဆေးဝါးအတုများ၊ သက်တမ်းလွန်ဆေးများ၊BPI တံဆိပ်အတုမျိုးစုံ စာရွက်များ၊ ဆေးဝါးအတုဖော်စပ်ရာတွင် အသုံးပြုသည့် ဓာတုဗေဒဆေးရည်များ၊ ဆေးဝါးထုပ်ပိုးရာတွင် အသုံးပြုသည့် အိတ်ပိတ်စက်နှင့် ဆေးရေတွက်ရာတွင် အသုံးပြုသည့် ပစ္စည်းများ၊ တံဆိပ်အတု ရိုက်နှိပ်သည့် ပုံနှိပ်စက်၊ စက္ကူဖြတ်စက်နှင့် နဂ္ဂတစ်ဖလင်ပြားများ စုစုပေါင်း ကာလတန်ဖိုးငွေ ကျပ်သိန်း ၂၈ဝဝဝ ကျော်ဖိုးကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

သိမ်းဆည်းရမိသည့် ဆေးဝါးများကိုBPI ဆေးဝါးစက်ရုံနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) သို့ ပေးပို့စိစစ်ခဲ့ရာ သိမ်းဆည်းရမိသည့်ဆေးဝါးများမှာ ဆေးဝါးအတုများနှင့် သက်တမ်းကုန်ပျက်စီးဆေးဝါးများဖြစ်သည်ဟု ဖော်ထုတ် သိရှိရကြောင်း၊ ဆေးဝါးအတုပြုလုပ်သူများကBPI ဆေးဝါးအတုပြုလုပ်၍BPI ဘူးခွံအတုအတွင်း ထည့်သွင်းပြီး တံဆိပ်အတုများကပ်၍ ပြန်လည်ရောင်းချခြင်း၊BPI ထုတ်ဆေးဝါးများနှင့်ဆင်တူသော တရုတ်နိုင်ငံထုတ်ဆေးဝါးများကို BPI ဘူးခွံအတုတွင် ထည့်သွင်းပြီး တံဆိပ်အတုများကပ်၍ ပြန်လည်ရောင်းချခြင်း၊BPI ထုတ် သက်တမ်းလွန်ဆေးများကို သက်တမ်းကုန်ဆုံးရက် ပါသော တံဆိပ်များခွာ၍ သက်တမ်းရှိBPI တံဆိပ်အတုများကပ်ပြီး ပြန်လည်ရောင်းချခြင်း၊ MPF (ပြင်ဦးလွင်) နှင့်YPF (မှော်ဘီ)တို့မှ ထုတ်လုပ်သော ဆေးဝါးများကိုBPI ဘူးခွံအတုများတွင် ထည့်သွင်းပြီး တံဆိပ် အတုများကပ်၍ ပြန်လည်ရောင်းချခြင်း နှင့် ဆေးဝါးအတု လက်ဝယ်ထားရှိခြင်း၊ ပြုလုပ်ခြင်း၊ ဖြန့်ဖြူးခြင်းများ ဆောင်ရွက် သည့် ပြစ်မှုများနှင့် ပတ်သက်ဆက်စပ်သူ ၁၄ ဦးကို သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့ စခန်းများတွင် ၁၉၉၂ ခုနှစ် အမျိုးသား ဆေးဝါး ဥပဒေပုဒ်မ ၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၁ဝ၉ အရ အမှုဖွင့်လှစ် ဖမ်းဆီးအရေး ယူထားပြီးဖြစ်ကြောင်း ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် စက်မှုဝန်ကြီး ဌာနဝန်ကြီးရုံး၌ ပြုလုပ်သည့် စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်း ကြီးကြပ်မှုအောက်ရှိ ဆေးဝါးစက်ရုံ (အင်းစိန်)BPI မှ ထုတ်လုပ်သည့် ဆေးဝါးများကို အတုပြုလုပ်၍ ရောင်းချ ဖြန့်ဖြူးနေသဖြင့် စက်မှုဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ ဖော်ထုတ်အရေးယူမှုနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်း ပြောကြားချက်များအရ သိရှိရသည်။

  

  

ဖြစ်စဉ်မှာ စက်မှုဝန်ကြီးဌာနက BPI ဆေးဝါးအတုများ ဈေးကွက်တွင် ပေါ်ထွက်လာသည့်သတင်းကို ပြည်ထဲရေး ဝန်ကြီးဌာနသို့ ပေးပို့ခဲ့ကြောင်း၊ အဆိုပါ ကိစ္စကို စုံစမ်းစစ်ဆေးဖော်ထုတ်ရန် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနအား ဆက်လက် တာဝန်ပေးအပ်ခဲ့ကြောင်း၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက သတင်းနှင့်ပတ်သက်၍ ဆေးဆိုင်များ၊ ဆေးသိုလှောင်ရုံများကို လေ့လာစောင့်ကြည့်ခြင်း၊ တာဝန်ရှိသူများနှင့် တွေ့ဆုံ ညှိနှိုင်းခြင်းများ ပြုလုပ်ပြီး သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁၂ ရက်အထိ နေရာ ၁၁ နေရာရှိ ဆေးဆိုင်နှင့် သိုလှောင်ရုံ ၂၂ နေရာကို စီးနင်းရှာဖွေခြင်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ချိုက ပြည်သူလူထု နှင့် လူသားထုတစ်ရပ်လုံးကို သားစဉ် မြေးဆက် ဒုက္ခပေးနိုင်မည့် အလွန် အန္တရာယ်များသော ဆေးဝါးအတု လုပ်ငန်းသည် ဒုက္ခရောက်သူကို ပိုပြီး ဒုက္ခရောက်စေပါကြောင်း၊ မည်သည့် ရှုထောင့်မှကြည့်ကြည့် လုံးဝခွင့်မလွှတ် နိုင်သော လုပ်ငန်းမျိုးကို ရပ်တန်းမှရပ်ပြီး စစ်မှန်သော ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းကို မိမိတို့နှင့်အတူလက်တွဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည်ကို အသိပေးတင်ပြချင်ပါကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဆေးဝါးအတုအပ လုပ်ငန်းကို ဖော်ထုတ်အရေးယူပြီး ရှေ့ဆက်မှန်ကန် သည့် လုပ်ငန်းဖြစ်ရန် ယခုကဲ့သို့ ရှင်းလင်း တင်ပြခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံ့အကြီး အကဲများကလည်း သေသေချာချာ တိတိကျကျ ပြည်သူလူထုဘက်မှ ရပ်တည်ရန် မှာကြားသည့်အတွက် မိမိတို့ အနေဖြင့် လွန်ခဲ့သော နှစ်လက စတင်ပြီး ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်သူလူထု၏ ကျန်းမာရေးနှင့် လူသားများအတွက် အစဉ်အမြဲနှောင်ယှက်ပေးနေသည့် ဆေးဝါးအတုအပ လုပ်ငန်းများကို ရပ်တန်းကရပ်၍ တရားနည်းလမ်းတကျ ဆေးဝါးထုတ်မှုများကို အားပေးအား မြှောက်ပြုနိုင်ရန် ယခုကဲ့သို့ စီစဉ်ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း။

ခေတ်အဆက်ဆက်၊ အစိုးရ အဆက်ဆက်အနေဖြင့် အကြောင်း အမျိုးမျိုးကြောင့် အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်းမရှိခဲ့သည်ကို ယနေ့ မှစ၍ အပြီးသတ်ချေမှုန်းပြီး ထိုက်သင့်သော အရေးယူမှုများကို ဆောင်ရွက်သွား မည် ဖြစ်ပါကြောင်း၊ ယခုဖြစ်စဉ်နှင့် စပ်လျဉ်း၍ ဆက်စပ်ဝန်ကြီးဌာနများနှင့် သတင်းမီဒီယာများမှ ပူးပေါင်းဆောင် ရွက်ပါက ပြည်သူများအနေဖြင့် ဆေးဝါး အတု ပြဿနာကို သိရှိသွားမည်ဖြစ်ပါ ကြောင်း၊ ဆေးဝါးအတု ထုတ်လုပ်ခြင်း သည် ကျန်းမာရေးနှင့် လူမှုရေး မည်သည့် ရှုထောင့်မှ ကြည့်ကြည့် သားစဉ်မြေးဆက် ဒုက္ခရောက်နိုင်သည့်လုပ်ငန်းနှင့် အသက် အ္တရာယ် ထိပါးနိုင်သည့် လုပ်ငန်း ဖြစ်သောကြောင့် အစိုးရသစ်အနေဖြင့် လုံးဝခွင့်လွှတ်သွားမည် မဟုတ်ပါကြောင်း၊ အရေးယူမှုများကိုလည်း ယခုစတင်၍ ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ ဆေးဝါးတုပမှုကြောင့် ပြည်သူများ မည်မျှ ဒုက္ခ ရောက်သည်ကို ထဲထဲဝင်ဝင် သိရှိသည့် အတွက် ယခုကဲ့သို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူများ ကောင်းရန်အတွက် ဘာမဆို ရပ်တည်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားသည်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဆေးဝါး အတုများ၊ သက်တမ်းလွန်ဆေးဝါးများကို မသမာသူများက ပြုလုပ်ဖြန့်ဖြူး ရောင်းချနေမှုအပေါ် ပြည်သူများအနေဖြင့် ဆေးဝါးအတုမှန်းမသိဘဲ ဝယ်ယူသုံးစွဲ မိပါက အန္တရာယ်ဖြစ်စေနိုင်သည့်အတွက် မှုခင်းတွင် ပါဝင်ပတ်သက်ဆက်နွှယ်သူများ၊ အမှုနှင့်ပတ်သက်သည့် ကွင်းဆက်တရားခံများကို ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူသွားမည် ဖြစ်ပါ ကြောင်း၊ ထို့အပြင် ဆေးဝါးအတုများ တစ်ဆင့်ဝယ်ယူ ရောင်းချသူများကို စစ်ဆေးဖော်ထုတ် အရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ် ကြောင်း ပြောကြားခဲ့သည်။
စက်မှုဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးကိုကိုလွင်က ဆေးဝါး အမယ်သစ်များ တိုးချဲ့ထုတ်လုပ်သွားရန် အတွက် ဈေးကွက်သုတေသန ပြုလုပ် စဉ် ဈေးကွက်အတွင်း မသင်္ကာဖွယ် ဆေးဝါးအတုများကို သတိပြုမိခဲ့ ကြောင်း၊ ဆက်လက်စုံစမ်းလေ့လာခဲ့ရာမှBPI စက်ရုံထုတ် ဆေးဝါးများကို အတုအပပြုလုပ်ပြီး ဖြန့်ဖြူးရောင်းချနေ သည်ကို အထင်အရှားသိရှိရသည့် အတွက် သြဂုတ်၃၁ ရက်မှစ၍ ပြည်ထဲ ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ ပူးပေါင်း ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဗိုလ်ချုပ်ဈေးနှင့် ရွှေပြည့်စုံဈေးတို့တွင် မသင်္ကာဖွယ်ဆေးဝါးအတုများကို ဖမ်းဆီးခဲ့ကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။

 

 

BPI စက်ရုံမှ ထုတ်လုပ်သော ဆေးဝါးများကို တုပခြင်းမှ ကာကွယ်နိုင် ရန်အတွက် အောက်တိုဘာ ၁ ရက်မှစ၍BPI အသားတံဆိပ်ပါ ဆေးဝါးအဖုံး၊ ဘူးခွံနှင့်Top Seal များဖြင့် ထုတ်လုပ် ခြင်း၊ BPI စက်ရုံမှ ထုတ်လုပ်သော ဆေးပြားများတွင်BPI အသားတံဆိပ် ရိုက်နှိပ်နိုင်ရန် ဆောင်ရွက်လျက်ရှိ ကြောင်း၊ အရွယ်အစားအရ သို့မဟုတ် ဆေးမျက်နှာပြင် အခြေအနေအရ BPI အသားတံဆိပ်ရိုက်နှိပ်ရန် ခက်ခဲသည့် ဆေးပြားများကို Film Coating ဖြင့် ထုတ်လုပ်၍ Bilster ထုတ်လုပ်မှုပုံစံဖြင့် စီမံဆောင်ရွက်လျက်ရှိခြင်း၊ BPI စက်ရုံ မှ ထုတ်လုပ်သည့် ထိုးဆေးများကို ထုပ်ပိုး မှုပုံစံအသစ် Printed Box with Plastic Tray များဖြင့် ပြောင်းလဲ ထုတ်လုပ်နေခြင်း၊ BPI စက်ရုံမှ ထုတ်လုပ်လျက်ရှိသည့် ဆေးပြား ၃၁ မျိုး ကိုBlisterထုပ်ပိုးမှုပုံစံဖြင့် ထုတ်လုပ် ခြင်း၊ Cal-D Glucose ကို အတုအပ ကင်းဝေးစေရန် ထုပ်ပိုးမှုပုံစံအသစ်ဖြင့် ထုတ်လုပ်ခြင်း၊ Market Surveillance Team ကို ဖွဲ့စည်းပြီး ဈေးကွက် အတွင်း ဆေးဝါးအတုအပများ ရှိ၊ မရှိ စဉ်ဆက်မပြတ် စစ်ဆေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်ရုံမှူး ဦးကိုကိုအောင်က ပြောကြားသည်။

ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်နှင့် တာဝန်ရှိသူများက တက်ရောက်လာကြသည့် သတင်းမီဒီယာ များ၏ သိရှိလိုသည်များကို ပြန်လည် ဖြေကြားသည်။
ဆေးဝါးထုတ်လုပ် ဖြန့်ဖြူးနေမှုများ နှင့်ပတ်သက်၍ ဆေးဝါးစက်ရုံမှ ထုတ်လုပ် သည့် ဆေးဝါးများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့ကို အဓိကဖြန့်ဖြူးရောင်းချပေးလျက်ရှိပါကြောင်း၊ ပိုလျှံသည့် ဆေးဝါးများကို ၂ဝ၁၄ ခုနှစ်အထိ တစ်ဦးတည်း အရောင်းကိုယ်စားလှယ်ဖြင့် ရောင်းချခဲ့ပါကြောင်း၊ ၂ဝ၁၄ - ၂ဝ၁၅ ခုနှစ်တွင် အရောင်းကိုယ်စားလှယ် သုံးဦးဖြင့် တိုးမြှင့်ရောင်းချခဲ့ပါကြောင်း၊ ၂ဝ၁၆ ခုနှစ် တွင် ပြည်သူများထံ သက်သာသောနှုန်းဖြင့် ပျံ့ပျံ့နှံ့နှံ့ရောက်ရှိအောင် အရောင်း ကိုယ်စားလှယ်များကို တင်ဒါခေါ်ယူခဲ့ပါကြောင်း၊ တင်ဒါလျှောက်ထားသူ ၁ဝ ဦး ကို စနစ်တကျစိစစ်ရွေးချယ်၍ အရောင်း ကိုယ်စားလှယ် ငါးဦးကို ရွေးချယ်ခဲ့ပါကြောင်း၊ ယခု ရွေးချယ်ခဲ့သည် အရောင်းကိုယ်စားလှယ်များကို ဝန်ကြီး ဌာနက အမြဲမပြတ်စောင့်ကြည့်နေမည် ဖြစ်ပါကြောင်း၊ သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများ မကိုက်ညီပါက အရောင်းကိုယ်စားလှယ် အဖြစ်မှ ပြန်လည်ရုပ်သိမ်းသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

ဆေးဝါးများ ဖမ်းဆီးရရှိမှုနှင့် ပတ်သက်သည့် မေးခွန်းကို ဖြေကြားရာ တွင် ရန်ကုန်တိုင်းဒေသကြီးရှိ ဗိုလ်ချုပ် ဈေးနှင့် ရွှေပြည့်စုံဈေးတို့မှ မသင်္ကာဖွယ် ဆေးဝါးအတုများကို ဖမ်းဆီးခဲ့ရာတွင် ဆေးပြား ၂၉ မျိုး၊ ဆေးဆီ/ဆေးရည်/ ဆေးမှုန့် ခြောက်မျိုး၊ လိမ်းဆေးရည် လေးမျိုး၊ ဆေးမှုန့် တစ်မျိုးနှင့် ထိုးဆေး လေးမျိုး စုစုပေါင်း ဆေးဝါးအတု ၄၄ မျိုး၊ ဆေးပြားတံဆိပ်အတု ရှစ်မျိုး၊ လိမ်းဆေး တံဆိပ်အတု နှစ်မျိုးနှင့် ထိုးဆေးတံဆိပ် အတု ရှစ်မျိုး စုစုပေါင်းတံဆိပ်အတု ၁၈ မျိုး၊ သက်တမ်းလွန်ဆေးဝါး ၉၈ မျိုးနှင့် သံသယဖြစ်ဖွယ် ဆေးဝါး ၂၁ မျိုးတို့ သိုလှောင်ထားခြင်း၊ ဆေးဝါးတံဆိပ် အတုများ ပြုလုပ်ရာတွင် အသုံးပြုသော ဖလင်ပြားများနှင့် ဆေးဝါးအတု ပြုလုပ် ရာတွင် အသုံးပြုသော ကုန်ကြမ်းများဖြစ် သည့်Gripe Mixture သောက်ဆေး ရည်အတု၊Glucose ဆေးမှုန့်အတုနှင့် အရက်ပြင်းများ အပါအဝင် စုစုပေါင်း တန်ဖိုး ငွေ$ကျပ် ၂ ဒသမ ၈ဝ၇ ဘီလီယံ သိမ်းဆည်းရမိပါကြောင်း၊ ဆေးဝါးအတု ပြုလုပ်ရောင်းချသူ ခုနစ်ဦး၊ ဆေးဝါး အတုပြုလုပ်သူ လေးဦး၊ တံဆိပ်အတု ပြုလုပ်သူ နှစ်ဦးနှင့် သက်တမ်းလွန် ဆေးဝါးသိုလှောင်ထားရှိသူ တစ်ဦး စုစု ပေါင်း ၁၄ ဦးကို ဖမ်းဆီးရမိခဲ့ပါကြောင်း ဖြေကြားသည်။

သိမ်းဆည်းရမိဆေးဝါးများ ဖျက်သိမ်းခြင်းနှင့် ပတ်သက်သည့်မေးခွန်းကို ဖြေကြား ရာတွင် ဖမ်းဆီးရမိသည့် ဆေးဝါးအတုများနှင့် သက်တမ်းကုန်ဆေးဝါးများကို ဆေးဝါး ဥပဒေအရ ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်း၍ ဓာတုဆေးရည်ဖြင့် ဖျက်ဆီးနိုင်မည့် ဆေးဝါးများကို ဖျက်ဆီးသွားမည့်အပြင် ဖျက်ဆီး၍မရသည့်ဆေးဝါးများကို ဓာတုဗေဒပညာရှင်များနှင့်ညှိနှိုင်းပြီး သတင်းမီဒီယာများရှေ့မှောက်တွင် ဖျက်ဆီးသွားမည် ဖြစ်ပါကြောင်း ဖြေကြားခဲ့သည်။

ဆေးဝါးစက်ရုံ (အင်းစိန်) ကို ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့ ဝန်ကြီးများ (၂၃၄)ကြိမ်မြောက် အစည်းအဝေး၊ ပထမအကြိမ် ပြည်တော်သာ ညီလာခံ ၏ ခွင့်ပြုချက်အရ ၁၉၅၃ ခုနှစ် အောက်တိုဘာ ၂၁ ရက်တွင် အင်္ဂလန်နိုင်ငံ လီဗာပူး မြို့မှ အီးဗန့် မယ်ဒီကယ် ဆပ်ပလိုင်းကုမ္ပဏီ (Evans Medical Supplies Ltd;) နှင့် စာချုပ်ချုပ်ဆို ငွေကျပ်သန်း ၆ဝ ဖြင့်တည်ဆောက်ခဲ့ပြီး ၁၉၅၈ ခုနှစ် ဧပြီ ၂၃ ရက် တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရသည်။

ဆေးဝါးစက်ရုံ(အင်းစိန်) ယခင်BPI စက်ရုံသည် ၁၉၅၈ ခုနှစ်မှစ၍ ပြည်သူလူထုအတွက် ထိုးဆေး၊ သောက်ဆေးအမျိုးမျိုးနှင့် ပဋိဇီဝပိုးသတ်ဆေးများကို ထုတ်လုပ်လျက်ရှိပြီး ယခုအချိန်တွင် ဆေးပြား၊ ဆေးတောင့်အမျိုး ၇ဝ၊ ဆေးရည် ၂၂ မျိုး၊ လိမ်းဆေး ၁ဝ မျိုး၊ ဆေးမှုန့် သုံးမျိုး၊ ထိုးဆေးအမျိုး ၅ဝ၊ သွေးကြောသွင်းဆေး အမျိုး ၅ဝ၊ ပဋိဇီဝဆေး ၁၁ မျိုး စုစုပေါင်း ၁၈၁ မျိုးတို့ကို ထုတ်လုပ်လျက်ရှိသည်။ ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုပေးနိုင်ရေးအတွက် ဆေးဝါးအမယ်သစ်များ တိုးချဲ့ထုတ်လုပ်ရန် New BPI Project ခုနှစ်တွင် စတင်အကောင် အထည်ဖော်ခဲ့ရာ ၉၉ ရာခိုင်နှုန်းပြီးစီး၍ မကြာမီ ဆေးအမယ်သစ်များ တိုးချဲ့ထုတ် လုပ်သွားနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

(သတင်းစဉ်) Source: မြန်မာ့အလင်း