ဆန်စပါးကြိတ်ခွဲထုတ်လုပ်ရေးနည်းပညာဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၁) (Training on Rice Processing Technology 1st Batch) သင်တန်းဆင်း

     လက်ရှိမြန်မာနိုင်ငံ၏ ဆန်စပါးကြိတ်ခွဲထုတ်လုပ်ရေးကဏ္ဍတွင် အဆင့်မြင့်ဆန်စက်များ အသုံးပြုမှုပိုမိုများပြားလာပြီး အဆင့်မြင့်ဆန်စက်များအား ထိန်းကျောင်းမောင်းနှင်ကိုင်တွယ်ရန်၊ ပြင်ဆင်ထိန်းသိမ်းရန် နှင့် ကြာရှည်သိုလှောင်နိုင်ရန်၊ အလေအလွင့်အနည်းဆုံးဖြင့် ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရန် စသောနည်းပညာဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်းလိုအပ်ချက်ကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ စက်မှုဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းပြီး ဆန်စပါးကြိတ်ခွဲထုတ်လုပ်ရေး နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၁) (Training on Rice Processing Technology -1st Batch) ကို စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ အမှတ်(၁)စက်မှုသင်တန်းကျောင်း(ဆင်တဲ)နှင့် နေပြည်တော်၊ ရန်ကုန်မြို့နှင့် ကျိုက်လတ်မြို့တို့ရှိ ခေတ်မီ ဆန်စက်ကြီးများတွင် သြဂုတ်လ(၃၀)ရက်နေ့၌ စတင်ဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးခဲ့သည်။ 
     အမှတ်(၁)စက်မှုသင်တန်းကျောင်း(ဆင်တဲ)အနေဖြင့် ဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ဦးစီးဌာနအကြီးအကဲများ၏ အနီးကပ်ကြီးကြပ်မှုနှင့်အတူ ဆန်စပါးကြိတ်ခွဲထုတ်လုပ်ရေးနည်းပညာဆိုင်ရာ သင်တန်း၏ အစိတ်အပိုင်းဖြစ်သော အခြေခံလျှပ်စစ်ဆိုင်ရာ ဘာသာရပ်၊ အခြေခံစက်ပစ္စည်းနှင့် သံဂဟေပိုင်းဆိုင်ရာ ဘာသာရပ်၊ အခြေခံဘွိုင်လာဆိုင်ရာ ဘာသာရပ်များကို ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်နည်းပြများနှင့် သုံးပတ်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပေးခဲ့ပြီး ဆန်ကြိတ်ခွဲရေးလုပ်ငန်းစဉ်များ၊ အခြောက်ခံခြင်း၊ သိုလှောင်ခြင်းသင်ခန်းစာများ၊ ထုတ်လုပ်ပုံအဆင့်ဆင့်၊ အရည်အသွေးဆိုင်ရာနှင့် စံသတ်မှတ်ချက်များ၊ ဆန်စက်အစိတ်အပိုင်းအလိုက် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာကျွမ်းကျင်နည်းပြများနှင့် သုံးပတ်ကြာထပ်မံသင်ကြားပေးခဲ့သည်။ ထို့အပြင် လုပ်ငန်းခွင် လက်တွေ့သင်ခန်းစာများကို မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၏ အစီအစဉ်ဖြင့် နေပြည်တော်၊ ရန်ကုန်မြို့နှင့် ကျိုက်လတ်မြို့များရှိ ခေတ်မီဆန်စက်ကြီးများတွင် ခြောက်ပတ်ကြာ သွားရောက်လေ့လာသင်ယူစေခဲ့သည်။ 
     အဆိုပါသင်တန်း၏ သင်တန်းဆင်းပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၅ ရက်နေ့၊ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုတင်က သင်တန်းဆင်းအမှာစကား ပြောကြားသည်။ ဆက်လက်၍ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဌ ဦးချစ်ခိုင်က ကျေးဇူးတင်စကားပြောကြားပြီး သင်တန်းဆင်းသင်တန်းသားများကို သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် သင်တန်းအား အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းကူညီကြသူများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်၍ သင်တန်းဆင်းသင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
     အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဌနှင့်  ဖိတ်ကြားထားသူများ၊ သင်တန်းဆင်းများ တက်ရောက်ကြပြီး သင်တန်းကာလမှာ (၃၀.၈.၂၀၁၇) ရက်နေ့မှ (၂၄.၁၁.၂၀၁၇) ရက်နေ့အထိ ရက်သတ္တ ၁၂ ပတ်ကြာမြင့်၍ သင်တန်းသား/သင်တန်းသူ (၃၇) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။