THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Announcements News အမိန့်ကြော်ငြာစာအမှတ် ၊ ၂ / ၂၀၂၄ Ethylene Oxide အား ကန့်သတ်ဓာတုပစ္စည်းအဖြစ် သတ်မ...

အမိန့်ကြော်ငြာစာအမှတ် ၊ ၂ / ၂၀၂၄ Ethylene Oxide အား ကန့်သတ်ဓာတုပစ္စည်းအဖြစ် သတ်မှတ်ခြင်း


Wed 12-06-2024 Directorate of Industrial Collaboration

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး ဗဟိုဦးစီးအဖွဲ့
အမိန့်ကြော်ငြာစာအမှတ် ၊ ၂ / ၂၀၂၄
၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက် (၂၀၂၄ ခုနှစ်၊ မေလ ၃၁ ရက်)
Ethylene Oxide အား ကန့်သတ်ဓာတုပစ္စည်းအဖြစ် သတ်မှတ်ခြင်း

၁။    ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဗဟိုဦးစီးအဖွဲ့သည် ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၅ ၊ ပုဒ်မခွဲ (ဇ) နှင့် ပုဒ်မ၄၇ ၊ ပုဒ်မခွဲ(ခ)တို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့် ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။
၂။    Ethylene Oxide Gas အား ပိုးသတ်ဆေး(Insecticide) အဖြစ်အသုံးပြုခြင်း မဟုတ်ဘဲ ယင်းကို အသုံးပြု၍ ပိုးသတ်သန့်စင်ခြင်းဆောင်ရွက်ရာတွင် လိုက်နာရမည့်အချက်များနှင့်အညီ ပိုးသတ်သန့်စင်ခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးနှင့် အခြားထုတ်ကုန်လုပ်ငန်းဖြစ် သော တစ်ခါသုံးခွဲစိတ်ခန်းသုံးဝတ်စုံများ၊ ကျန်းမာရေးသုံးဆက်စပ်ပစ္စည်းများ ထုတ်လုပ်ရာတွင် မရှိမဖြစ်လိုအပ်သည့် ဓာတုကုန်ကြမ်းအဖြစ် အသုံးပြုနိုင်ရေးတို့အတွက် Ethylene Oxide အား ကန့်သတ်ဓာတုပစ္စည်းအဖြစ် သတ်မှတ်လိုက်သည်။
၃။    အဆိုပါ Ethylene Oxide ကိုအသုံးပြု၍ ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလုပ်ကိုင်သည့် လိုင်စင်နှင့်မှတ်ပုံတင်လက်မှတ်ရရှိသူများသည် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများအပြင် အောက်ပါတို့ကို လိုက်နာရမည်-

(က) Ethylene Oxide Gas ကို ကိုင်တွယ်အသုံးပြုမည့်သူများသည် ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် လုပ်ငန်းခွင်ကျန်းမာရေးနှင့်ဘေးအန္တရာယ်ကင်းရှင်းရေး သင်တန်းအား ကြိုတင်တက်ရောက်ထားရမည်ဖြစ်ခြင်း၊
(ခ) အန္တရာယ်ကင်းရှင်းမှုအဆင့်မှတ်တမ်းလွှာ (Material Safety Data Sheet- MSDS) ရှိ Hazard Identification, First aid Measures, Fire Fighting Measures, Measures for Accident (Accidental Release Measures), Handling and Storage, Exposure Controls/ Personal Protection, Disposal Considerations, Transport Information များအား မြန်မာဘာသာဖြင့် ဖော်ပြခြင်း၊
(ဂ)  ဓာတုပစ္စည်းများအား အမျိုးအစားခွဲခြားခြင်းနှင့် တံဆိပ်ကပ်ရာတွင် တစ်ကမ္ဘာလုံး ညီညွတ်သည့်စနစ် (Globally Harmonized System of Classification and Labeling of Chemicals) ၏ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အန္တရာယ် သတိပေးအမှတ်အသားကပ်ခြင်းကို မြန်မာဘာသာဖြင့် ဖော်ပြခြင်း၊
(ဃ)  မှတ်ပုံတင်ခြင်းပြုလုပ်ရာတွင် မိမိလုပ်ငန်းနှင့်ကိုက်ညီသော ပမာဏကိုသာ မှတ်ပုံတင်ထားပြီး ယင်းပမာဏထက် ကျော်လွန်၍ တင်သွင်းမှု မပြုခြင်း၊
(င) အသုံးပြုရာမှ ထွက်ရှိသော စွန့်ပစ်ပစ္စည်းများအား (ကွန်တိန်နာပုံးများ အပါအဝင်) စွန့်ပစ်ရာတွင် စွန့်ပစ်ခြင်းပြုသည့်လုပ်ငန်းများ (Waste Treatment Facilities) သို့တည်းမဟုတ် သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီများသို့ ပေးပို့စေပြီး Proper Disposal နည်းလမ်းဖြင့် စွန့်ပစ်ခြင်း။

ဥက္ကဋ္ဌ
ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ
တားဆီးကာကွယ်ရေးဗဟိုဦးစီးအဖွဲ့


Top