THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • မူလစာမျက်နှာ services ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းများမှထွက်ရှိသည့် စွန့်ပစ်ပစ္စ...

ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းများမှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများအား စွန့်ပစ်ခြင်းပြုသည့်လုပ်ငန်းလိုင်စင် လျှောက်ထားခြင်း


Fri 23-02-2024

ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းများမှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများအား 
စွန့်ပစ်ခြင်းပြုသည့်လုပ်ငန်းလိုင်စင်ထုတ်ပေးခြင်းအတွက် 
လုပ်ဆောင်ရမည့်အစီအစဉ်များ

အဆင့် (၁)
    ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းများမှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများကို စွန့်ပစ်ခြင်းပြုသည့်လုပ်ငန်းများဖြစ်သည့် စွန့်ပစ်ပစ္စည်းများကို ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရန် ခေတ်မီနည်းပညာကိုအသုံးပြု၍ စံသတ်မှတ်ချက်များနှင့်အညီ စွန့်ပစ်ပစ္စည်း၏ အာနိသင်ကို လျှော့ချခြင်း၊ ပြန်လည်အသုံးပြုခြင်း၊ ပြန်လည်ပြုပြင်သုံးစွဲခြင်း၊ ပြန်လည်ရယူခြင်း၊ ပြုပြင်သန့်စင်ခြင်း၊ စနစ် တကျမြေဖို့စွန့်ပစ်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းကိစ္စရပ်များကို ဆောင်ရွက်နေသူများသည် လုပ်ငန်းလိုင်စင်ကို လျှောက်ထားရန် လိုအပ်ပါသည်။
    စွန့်ပစ်ခြင်းပြုသည့်လုပ်ငန်းလိုင်စင် လျှောက်ထားလိုသူသည် စက်မှုဝန်ကြီးဌာနရှိ ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ “ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများဆိုင်ရာလုပ်ငန်းများမှ ထွက်ရှိသည့် စွန့်ပစ် ပစ္စည်းများ စွန့်ပစ်ခြင်းဆိုင်ရာအမိန့်” ပါ စွန့်ပစ်ခြင်းပြုသည့်လုပ်ငန်းလိုင်စင် လျှောက်လွှာပုံစံ(၁-ခ) နှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းများဖြင့် ပူးတွဲတင်ပြရပါမည်-
    (က)    လုပ်ငန်းနှင့်စပ်လျဉ်းသည့် အချက်အလက်များ မိတ္တူတစ်စုံ၊
    (ခ)     ပညာရပ်ဆိုင်ရာအရည်အချင်းနှင့် အတွေ့အကြုံများအတွက် အထောက်အထား မိတ္တူများ ၊
    (ဂ)    သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုချက်၊ 
    (ဃ)    အထွေထွေနစ်နာဆုံးရှုံးမှုအတွက်ပေးလျော်ရန် အာမခံထားရှိမှု အထောက်အထား မိတ္တူ၊
    (င)    စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၏ ထောက်ခံချက်၊
    (စ)    သက်ဆိုင်ရာမီးသတ်ဦးစီးဌာန၏ လမ်းညွှန်ချက် သို့မဟုတ် မီးဘေးလုံခြုံရေးကိစ္စအလို့ငှာ မီးသတ်ဦးစီးဌာန၏ မီးဘေးလုံခြုံရေးဆိုင်ရာ စစ်ဆေးထောက်ခံချက် (Fire Safety Certificate - FSC)။

အဆင့်(၂)
    ဗဟိုကြီးကြပ်ရေးအဖွဲ့သည် အပိုဒ်(၆)အရ လိုင်စင်လျှောက်ထားသည့် ကိစ္စနှင့်စပ်လျဉ်း၍ လျှောက်လွှာပုံစံ(၁-ခ)ပါအချက်များအား ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်း ရှိ/မရှိနှင့် ပူးတွဲတင်ပြမည့် စာရွက်စာတမ်းများ ပြည့်စုံခြင်း ရှိ/မရှိ စိစစ်ရမည်။ တင်ပြချက်တွင် သတ်မှတ်ချက်များနှင့် မညီညွတ်ခြင်း သို့မဟုတ် အခြားအချက်အလက်များလိုအပ်ပါက လျှောက်ထားသူအား အကြောင်းကြား ဆောင်ရွက်မည်ဖြစ်ပါသည်။ အချက်အလက်ပြည့်စုံပါက လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ကြီးကြပ်ရေးအဖွဲ့များထံသို့ အကြောင်းကြားဆောင်ရွက်မည် ဖြစ်ပါသည်။

အဆင့်(၃)
    ကွင်းဆင်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာသည် လိုင်စင်ထုတ်ပေးရန် ထောက်ခံပါက လျှောက်ထားသူသည် နေပြည်တော်၊ မြန်မာ့စီးပွားရေးဘဏ်ရှိ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏ ငွေစာရင်းအမှတ် (MD-012564) သို့ လိုင်စင်ခ ပေးသွင်းရပါမည်။

လိုင်စင်ခ

စဉ် လုပ်ငန်းအရေအတွက် နှုန်း(ကျပ်) သက်တမ်း
(က) ၁ ခု ၁၅၀,၀၀၀ ၂ နှစ်

အဆင့်(၃-က)(လိုင်စင်သက်တမ်းတိုးခြင်း)
    လိုင်စင်ရရှိသူသည် လိုင်စင်သက်တမ်းတိုးမြှင့်ပေးရန် သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း ၃၀ ကြိုတင်၍ သတ်မှတ်ချက်များနှင့်အညီ ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ လျှောက်ထားရမည်ဖြစ်ပြီး ဥက္ကဌ၏ ခွင့်ပြုချက်ရရှိပါက လျှောက်ထားသူသည် နေပြည်တော်၊ မြန်မာ့စီးပွားရေးဘဏ်ရှိ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏ ငွေစာရင်းအမှတ် (MD-012564) သို့ လိုင်စင်သက်တမ်းတိုးမြှင့်ခ ပေးသွင်းရပါမည်။

လိုင်စင်သက်တမ်းတိုးမြှင့်ခ

စဉ် လုပ်ငန်းအရေအတွက် နှုန်း(ကျပ်) သက်တမ်း
(က) ၁ ခု ၁၀၀,၀၀၀ ၂ နှစ်

 အဆင့်(၄)
    လျှောက်ထားသူကိုယ်တိုင် လိုင်စင်ထုတ်ယူပါက မှတ်ပုံတင်မူရင်း၊ မိတ္တူတစ်စုံနှင့်သော်လည်းကောင်း၊ ကိုယ်စားလှယ်ဖြစ်ပါက ကိုယ်စားလှယ်လွှဲစာ၊ မှတ်ပုံတင်မူရင်း၊ မိတ္တူတစ်စုံနှင့်သော်လည်းကောင်း ပူးတွဲယူဆောင်လာရပါမည်။
    မှတ်ချက်။ လိုင်စင်သက်တမ်းသည် (၂) နှစ်သာဖြစ်ပါသည်။

ဆက်သွယ်ရန်လိပ်စာ
စာချုပ်စာတမ်းများစိစစ်ရေးဌာန၊
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊
စက်မှုဝန်ကြီးဌာန၊
ရုံးအမှတ်(၃၀)၊ နေပြည်တော်။
 




Top